မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အိမ်ရာစီမံကိန်းအတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest-Eol) ကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။
အဆိုပါစီမံကိန်းကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၏ တောင်ဘက်နှင့် ဖလံရုံကျေးရွာ၏ အရှေ့ဘက်၊ မြောက်လတ္တီတွဒ် ၂ဝံ ၆’ ၄၀” နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ၅၇’ ၁၁” အတွင်း တည်ရှိသော ဧရိယာ ၂၀ ဧကခန့် ကျယ်ဝန်းသည့် မြေနေရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါမြေနေရာသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော မြေနေရာဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား ဌာနအလိုက် ဟင်းသီးဟင်းရွက်ဇုန်နှင့် မွေးမြူရေးဇုန်အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရင်းနှီးတည်ဆောက်လိုသော ပြည်တွင်း/ ပြည်ပမှ ကုမ္ပဏီများအနေဖြင့် မကွေးမြို့၊ မယ်လှတောင် ကျေးရွာ အိမ်ရာစီမံကိန်းအား Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-Eol) အား အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လိပ်မူ၍ ဒီဇင်ဘာ ၁၃ ရက်၊ ညနေ (၃) နာရီ အရောက် ပေးပို့တင်ပြရမည်ဖြစ်သည်။
စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Eol အဆိုပြုလွှာပုံစံအား မိမိတို့၏ ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်၍ နိုဝင်ဘာ ၁၃ ရက်မှစ၍ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။
တင်ပြရမည့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများမှာ လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းနှင့် Eol လျှောက်လွှာထုတ်ယူလိုကြောင်း တင်ပြစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ရင်းနှီးတည်ဆောက်လိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် e-mail လိပ်စာ လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
