နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာ၌ လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊တိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
သြဂုတ် (၂၈) ရက် နံနက် (၁၀) နာရီက ကျင်းပသည့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းအတွင်း ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်းအခု (၂၀) ရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၃၄) ခုရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း မကွေးတိုင်းအတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင် (HYBRID)သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတစ်ခုဝင်ရောက်ခဲ့ကြောင်း သိရသည်။
“လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာတဲ့အကျိုးကျေးဇူးအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကုန်ထုတ်လုပ်ငန်းတွေဆောင်ရွက်ရာမှာ အဓိကကျတဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်ပါတယ်။ နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ/နိုင်ငံသားတွေရဲ့ စားဝတ်နေရေးနဲ့ လူနေမှုဘဝ အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အမြန်ဆုံးအောင်မြင်ရန် အသေချာဆုံးနည်းလမ်းဖြစ်သည်ဟု ပြောသည်။
မကွေးတိုင်းအတွင်းရှိ တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအထိ တက်လှမ်းနိုင်စေရေးနှင့် ပြည်ပပို့ကုန်များ တင်ပို့နိုင်သည်အထိ တက်လှမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါအခွင့်အရေးများဖြစ်သည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို MSME လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ဖိတ်ခေါ်ရန်လည်း မှာကြားခဲ့သည်။