တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။
“သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။
အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။
ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ တကျော့ပြန်ရောက်လာပြီးနောက်မှစ၍ ထရမ့်ပ်သည် ကုန်သွယ်ရေးမညီမျှမှု၊ ဖန်တနိုင်းမူးယစ်ဆေးဝါး စီးဝင်မှုကို တားဆီးရန် ပျက်ကွက်မှုများကို အကြောင်းပြ၍ တရုတ်၊ ကနေဒါ၊ မက္ကဆီကို အပါအဝင် အဓိကကုန်သွယ်ဖက်များအပေါ် အခွန်စည်းကြပ်မှုများ ချမှတ်ခဲ့သည်။
ဝါရှင်တန်နှင့် ဆွေးနွေးပွဲပြုလုပ်ရန် ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်က တောင်းဆိုခဲ့သည်။
ထရမ့်ပ်သည် တရုတ်ကုန်ပစ္စည်းများအပေါ် သူ ယခင်က ချမှတ်ထားသည့် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ယခုလအစောပိုင်းတွင် တိုးမြှင့် သတ်မှတ်ခဲ့သည်။
ထိုအတွက် ပဲပိစပ်၊ ဝက်သားနှင့် ကြက်သားအပါအဝင် အမေရိကန်လယ်ယာထွက်ကုန် အများအပြားအတွက် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကာ ပေကျင်းက တုန့်ပြန်ခဲ့သည်။
ရှီသည် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမေရိက သို့ နောက်ဆုံးအကြိမ် လာရောက်ထားခဲ့သည်။
Ref: စီအင်န်အေ