ရီးရဲမက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်အား ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့သော ဝေးလ်ဘောလုံးအကျော်အမော် ဂါရတ်ဘေးလ်သည် အသက် ၃၃ နှစ်အရွယ်တွင် ဘောလုံးလောကမှ အနားယူသွားပြီဖြစ်သည်။
ဘေးလ်က အနားယူမည့် သူ၏ ဆုံးဖြတ်ချက်ကို ဆိုရှယ်မီဒီယာပေါ်တွင် ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ဘောလုံးသည် သူ့ဘဝ၏ ကောင်းသော အခိုက်အတန့်များကို ပေးစွမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။
“သေသေချာချာ စဉ်းစားပြီးတဲ့နောက် ကလပ်အသင်းနှင့် နိုင်ငံတကာ ဘောလုံးလောကကနေ ချက်ချင်းအနားယူပြီလို့ ကြေညာပါတယ်။ ကျွန်တော် နှစ်သက်တဲ့ အားကစားကို ကစားဖို့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့လို့ အရမ်း ကံကောင်းတယ်လို့ ခံစားရပါတယ်” ဟု ဘေးလ်က ရေးသားခဲ့သည်။
ဘေးလ်သည် သူ၏ ဘောလုံးလောကကို ပရီးမီးယားလိဂ်အသင်းဖြစ်သည့် ဆောက်သမ်တန်အသင်းနှင့် စတင်ခဲ့သော်လည်း စပါးအသင်းရောက်မှသာ လူသိများလာခဲ့သည်။ ထို့နောက် ရီးရဲလ်မက်ဒရစ်အသင်းထံ စံချိန်တင် ပြောင်းရွေ့ကြေးနှင့် ရောက်ရှိလာပြီး ထိုအသင်းတွင် ရော်နယ်ဒို၊ ဘန်ဇီးမားတို့နှင့်အတူ လာလီဂါဖလား ၃ လုံးနှင့် ချန်ပီယံလိဂ်ဖလား ၅ လုံးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ယခုလက်ရှိ အမေရိကန်နိုင်ငံ မေဂျာလိဂ်တွင် လော့ဆန်းဂျလိစ်အက်ဖ်စီ(LAFC) နှင့်အတူ ကစားနေရာမှ ယင်းကဲ့သို့ အနားယူခဲ့ခြင်းဖြစ်သည်။
ဘေးလ်သည် ဝေးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲဖြင့် နိုင်ငံတကာပွဲ အများဆုံး ကစားနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး သူ၏ နိုင်ငံအသင်းကို ၆၄ နှစ်အကြာတွင် ကာတာရှိ ကမ္ဘာ့ဖလားသို့ ပထမဆုံး ပို့ဆောင်နိုင်ခဲ့သည်။
Source: CNN



