ဘောရစ် ဂျွန်ဆင်အား ယူကရိန်းဝန်ကြီးချုပ်ဖြစ်ခွင့်ရရေးယူကရိန်းပြည်သူများအသနားခံစာတင်
ကိဗ်၊ ဇူလိုင် ၂၆ ရက်
ရာထူးမှ နုတ်ထွက်ထားသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ယူကရိန်းနိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခွင့်ရရေး အတွက်အသနားခံစာတစ်စောင်ကို ယူကရိန်း တရားဝင်အသနားခံစာတင် ဝက်ဘ်ဆိုက်တွင် ဇူလိုင်လ ၂၆ ရက်နေ့က အင်္ဂါနေ့၌ တင်ခဲ့ရာ လတ်မှတ်ပေါင်း ၂ ထောင့် ၅ ရာကျော် စုဆောင်းရရှိနေပြီဖြစ်ကြောင်း သိရသည်။
ဂျွန်ဆင်သည် ပြည်တွင်း၌ လူထုထောက်ခံအားပေးမှု နည်းပါးလာခဲ့၍ ၎င်း၏နုတ်ထွက်စာကို အတင်းအကျပ် ကြေငြာခဲ့ရသော်လည်း ရုရှား-ယူကရိန်း အရးအခင်းတွင် ယူကရိန်းအား ထောက်ခံအားပေးမှုကြောင့် ကိဗ်တွင် ယူကရိန်း ပြည်သူများ လေးစားရသည့် ပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိဆဲဖြစ်သည်။
ယူကရိန်းမြို့တော်ရှိ ပန်းချီကားများ၊ နံရံဆေးပန်းချီများနှင့် ကိတ်မုန့်များ၌ပင်လျှင် ဂျွန်ဆင်၏ ပုံများ ထည့်သွင်းရေးဆွဲထားပြီး ယူကရိန်းနိုင်ငံသားအချို့က ၎င်းအား ခင်မင် ရင်းနှီးစွာဖြင့် “Johnsoniuk” ဟုပင်ခေါ်ဝေါ်ကြသည်။
ယူကရိန်းသမ္မတ ဇလန်းစကီးအား ရည်ရွယ်၍ တင်ထားသော အဆိုပါ အသနားခံစာတွင် ဘောရစ် ဂျွန်ဆင်အား ကမ္ဘာတစ်ဝန်းကထောက်ခံအားပေးမှု ရရှိသူ၊ အရေးအခင်း၌ ယူကရိန်းဘက်မှ ပြတ်သားစွာ ရပ်တည်သူနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး၊ တရားရေးနယ်ပယ်များ၌ အမြော်အမြင်ရှိသူ အဖြစ် ထည့်သွင်းဖော်ပြထားသည်။
သို့ရာတွင် ၎င်းအသနားခံစာ၌ ဂျွန်ဆင်အားခန့်အပ်ခြင်းသည် ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ကိုလည်း နားလည်ပါကြောင်း ရေးသားထားသည်။
ဇလန်စကီးက အဆိုပါအသနားခံစာနှင့် ပတ်သက်၍ တုံ့ပြန်ထားခြင်းမရှိသေးသော်လည်း လက်မှတ်ပေါင်း ၂ သောင်း ၅ ထောင် ရရှိပါက တရားဝင်တုံ့ပြန်ရန် တာဝန်ရှိကြောင်း သိရသည်။
Source: Reuters