နိုဝင်ဘာ ၁၁
ဘူတန်နိုင်ငံ မြို့တော် ထင်ဖူး မှာ နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၉ ရက် နေ့အထိကျင်းပလျှက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆုတောင်းပွဲတော်ကို ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်များ စုဝေးလျှက်ရှိကြသည်။
အဆိုပါ ဆုတောင်းပွဲသို့ ဘူတန်နိုင်ငံ ဝါဇရယာနကျောင်းမှ ဆရာသခင်များနှင့် တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မဟာယာနနှင့် ထေရဝါဒကျောင်းများမှ ဆရာတော်များက ပွဲတော်ကို ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။
ပွဲတော်သည် လက်ရှိဘုရင် ဂျစ်မီ ခယ်ဆာ နမ်ဂျယ် ဝန်ချတ်၏ ဖခင် စတုတ္ထမြောက် ဒရုက် ဂျယ်လ်ပို ဂျစ်မီ စင်းဂျယ် ဝန်ချတ်၏ ၇၀ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်လည်း ဖြစ်သည်။ ဆယ်စုနှစ် ငါးစုကျော်က ဘုရင်မင်းမြတ်သည် ပျော်ရွှင်မှုညွှန်းကိန်း အယူအဆကို ကြေညာခဲ့သည်။
ယနေ့ ကာလ၌ ဘူတန်သည် ကမ္ဘာကြီး၌ တစ်ခုတည်းသော ကာဗွန်အနုတ်လက္ခဏာဆောင်သောနိုင်ငံအဖြစ် တည်ရှိနေကာ ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ သစ်တောများသည် ၎င်း၏မြေဧရိယာ၏ အနည်းဆုံး ၆၀% ကို လွှမ်းခြုံထားရန် လိုအပ်သည်။ နိုင်ငံခြားဧည့်သည် အရေအတွက်ကို ကန့်သတ်ထားပြီး တစ်ညလျှင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ (၃,၂၅၀ ဘတ်) ကို ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအခကြေးငွေ(SDF)အဖြစ်ကောက်ခံသည်။
ဘူတန်ဘုန်းတော်ကြီး ဆရာတော် ခိုတန် ဒေါ့ဂျီ က ပွဲတော်သို့ ကမ္ဘာလှည့်ခရီးသည် ၇,၀၀၀ မှ ၈,၀၀၀ ကြား လာရောက်ရန် မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။ အခမ်းအနားတွင် ဘူတန်ပြည်တွင်းနှင့် ပြည်ပရှိ ဘာသာရေးအဖွဲ့အစည်း ၁၆၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီပွဲတော်ဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်မှုကို ရည်ရွယ်ပါတယ်” ဟု ခိုတန် က ပြောကြားခဲ့သည်။ “ဗုဒ္ဓဘာသာကျောင်းအသီးသီးမှ ဓမ္မဆရာများကို စုပေါင်းဆုတောင်းကာ အပြုသဘောဆောင်သော စွမ်းအားများ ယူဆောင်လာစေ ရန် နှင့် ဤသို့ အစုလိုက်အပြုံလိုက် ရွတ်ဆိုခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှုအတွက် အခြေအနေတစ်ရပ် ဖန်တီးပေးနိုင်ရန်ဖြစ်သည်” ဟု ၎င်းက ဆိုသည်။
“ဒီနေ့ကမ္ဘာကြီးက ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ဒုက္ခရောက်နေကြတယ်။ ဘူတန်ကတော့ နိုင်ငံငယ်လေးဖြစ်လို့ စီးပွားရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ပြသစရာ ဂုဏ်ယူ ဝင့်ကြွားစရာ မရှိပါဘူး။ ဒါပေမယ့် အစဉ်အလာနဲ့ ယဉ်ကျေးမှုအရ ကျွန်ုတော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပါတယ်”ဟု သူက ဆိုထားသည်။
ထိုင်းနိုင်ငံ မဟီဒေါ့ တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိထားသူ ခိုတန် သည် ပွဲတော်တွင် ဗုဒ္ဓဘာသာဝင်များ စုစည်းခြင်း ကို “တစ်ခုတည်းသော မျှော်မှန်းချက်– ကျွန်ုပ်တို့သည် မတူညီသော ကျောင်းများမှ ၊ မတူကွဲပြားသော ဓလေ့ထုံတမ်းများ ရှိကြ သော်လည်း ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများ ဖြစ်လာစေရန်” ဟူသော ရည်ရွယ်ချက်ဖြင့် ပွဲတော်တွင် ဗုဒ္ဓဘာသာဝင်များစုစည်း ကြခြင်းကို ရှင်းပြခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
