မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဘီးလင်းမြို့နယ်အတွင်းရှိ မစောတံတားအား သံဘေလီအမျိုးအစားတံတားဖြင့် အစားထိုးပြင်ဆင်လျှက်ရှိရာ ယနေ့ မေ(၃၀) ရက်အထိ (၆၀)ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
” (၆၀)ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ။ ကားတွေက တော့ အစီး(၅၀၀)နီးပါး ပျှမ်းမျှပေါ့နော်၊ ဟိုဘက် ဒီဘက် တန်းစီစောင့်ဆိုင်းနေရပါသေးတယ်။ မစောတံတားကတော့ ဘီးလင်းမြို့နယ်ထဲမှာဘဲပေါ့။ ကျုံအိတ်ကတော့ သထုံနဲ့ ဘီးလင်း အစပ်ပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိုင်းခွဲဖျက်စီးခံရသော မစောတံတား၏ မပျက် စီးသောနေရာတွင် ယာယီသစ်သားတံတားထိုးကာ အိမ်စီးကားနှင့် ယာဉ်ငယ်အချို့အား ဖြတ်သန်းခွင့်ပြူနေပြီး တံ တားအောက် ယာယီမြေသားလမ်းပိုင်းမှ ကုန်တင်ယာဉ်နှင့် ခရီးသည်ကားကြီးများကို နှစ်ပိုင်းခွဲကာ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။
မနက်ဖြန် မေ(၃၁)ရက်၌ မစောတံတားတွင် တန်းစီးစောင့် ဆိုင်းနေရသော ခရီးသွားများအား ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ထမင်းဘူးနှင့် အစားအသောက်များ ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


