မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ရန်ကုန်-မော်လမြိုင်ကားလမ်း၏ ရွှေသံလွင်တိုးဂိတ်၌ သြဂုတ် ၂၄ ရက်(ယနေ့)နံနက်ပိုင်းက Drop Bomb ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်း၏ ရွှေသံလွင်တိုးဂိတ်အား Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့ရာ တိုးဂိတ်အနီး၌ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်သွားပါတယ် အရပ်သားတစ်ယောက်ရဲ့ခေါင်းမှာဗုံးစထိထားတဲ့ မစိုးရိမ်ရ ပေါက်ပြဲဒဏ်ရာတစ်ချက်ရသွားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူအား ဒေသခံလူမှုကူညီရေးအသင်းကားဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။