ဘီးပေါက်၍ရပ်ထားသည့် ၁၂ ဘီးကားအား ခရီး သည်တင် Hight Jet ကားဝင်တိုက် ၄ ဦးသေဆုံး
ပဲခူးတိုင်း၊ဘုရားကြီးမြို့၊မယင်းကျေးရွာရှိ ပဲခူး- ဘုရားကြီးကားလမ်းတွင် သြဂုတ် ၇ ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။
ယနေ့နံနက် ၉ နာရီကျော်ခန့်က မယင်းကျေးရွာရှိ ပဲခူး-ဘုရားကြီးသွားကားလမ်း၏ ထမင်းဆိုင်တစ်ဆိုင်အနီးတွင် ခရီးသည်များတင်ဆောင်လာသည့် Hight Jet ကားက ဘီးပေါက်၍ ရပ်ထားသည့် ၁၂ ဘီးကုန်တင်ကားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်မိခဲ့သဖြင့် ခရီးသည် အမျိုးသမီး ၂ ဦးနှင့်ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ Hight Jet ကားမောင်းသူနှင့်ကားခေါင်းခန်း၌ လိုက်ပါလာသည့် ခရီးသည် ၁ ဦးတို့မှာ ခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့ဝင်များက အနီရောင်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ဒဏ်ရာရတဲ့လူတွေထဲက အနီရောင်အဆင့်လူနာ ၂ ယောက်ရှိတယ် အဲဒီထဲကတစ်ယောက်က ဆေးရုံမှာထပ်ပြီးသေတယ်လို့ကြားရပါတယ် အားလုံးပေါင်းဆို ၄ ယောက်သေသွားတာပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ သေဆုံးသူများ၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။