ဘီလာရုစ်နိုင်ငံ၏ ပိုတက်ရှ်လုပ်ငန်းအပေါ် ဒ-ဏ်ခတ်ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးမည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးရန် အမိန့်ထုတ်လိုက်သည်။
သမ္မတဒေါ်နယ်ထရမ့်ပ်၏ ဘီလာရုစ်နိုင်ငံဆိုင်ရာ အထူး သံတမန် ဂျွန်ကိုးလ်နှင့် နှစ်ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် လူကာရှန်ကိုက အဆိုပါနိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ဘီလာရုစ်သတင်းဌာန ဘဲလ်တာက သတင်းဖော်ပြသည်။
စနေနေ့က လွတ်မြောက်လာသူများတွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများတွင် လူသိများထင်ရှားလာပြီး ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည့် ပုလွေတူရိယာပညာရှင် မာရီယာ ကလက်စ်နီကာဗာလည်း ပါဝင်ကြောင်း လူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Viasna က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည့် နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်
အလက်စ် ဘီယာလီယက်စကီလည်း လွတ်မြောက်ခဲ့ပြီး လစ်သူရေးနီးယားသို့ ပြည်နှင်ဒ-ဏ်ပေးခဲ့ကြောင်း ၎င်းတည်ထောင်ခဲ့သည့် Viasna က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နီးကပ်သော မဟာမိတ်ဖြစ်သူ လူကာရှန်ကိုနှင့် ဆက်ဆံရေးပြည်လည်တည်ဆောက်ရန် ထရမ့်ပ်က တွန်းအားပေးပြီး နောက် ယခုကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပိုတက်ရှ်သည် ဘီလာရုစ်နိုင်ငံ၏ အဓိကပို့ကုန်များထဲမှ တစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ တစ်ခုတည်းသော ကြွယ်ဝသည့် တွင်းထွက်အရင်းအမြစ်ဖြစ်ပြီး Belaruskali နှင့်အတူ ရုရှား၏ Uralkali၊ မြောက်အမေရိက ထုတ်လုပ်သူများဖြစ်သည့် Nutrien၊ Mosaic တို့သည် ကမ္ဘာ့အကြီးဆုံး ပစ္စည်းပေးသွင်းသူများဖြစ်သည်။ အမေရိက,က ၂၀၂၁ ခုနှစ်တွင် Belaruskali ကို ပိတ်ဆို့အရေးယူခဲ့ပြီးနောက် ပိုတက်ရှ်ရောင်းချမှုကို ရုရှားနိုင်ငံမှတဆင့် လမ်းကြောင်းပြောင်းခဲ့ပြီး ခရမ္မလင်အပေါ် လူကာရှန်ကို၏ စီးပွားရေးမှီခိုရမှုကို တိုးမြင့်စေခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
