အင်ဒိုနီးရှား၊ဘာလီပြည်နယ်အစိုးရသည် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားနေရာများ၊ ဈေးဝယ်စင်တာများနှင့် အခြားနေရာများ၌ နိုင်ငံခြားခရီးသွားများ ငွေပေးချေမှုတွင် crypto ခရစ်ပ်တိုငွေကြေးကိုအသုံးပြုပါကအရေးယူတော့မည်ဖြစ်သည်။
“နိုင်ငံခြားသားခရီးသွားဧည့်သည်များသည်၎င်းတို့၏ဗီဇာပါမစ်တွင်ခွင့်မပြုသောအပြုအမူများကိုလုပ်ဆောင်ခြင်း၊ ငွေပေးချေမှုနည်းလမ်းတစ်ခုအဖြစ် crypto ကိုအသုံးပြုခြင်းနှင့်အခြားပြဋ္ဌာန်းချက်များကိုချိုးဖောက်ပါကပြင်းထန်စွာအရေးယူခံရလိမ့်မည်” ဟုဘာလီအုပ်ချုပ်ရေးမှူး Wayan Koster က မေ၂၈ ရက် တနင်္ဂနွေနေ့တွင်ပြုလုပ်သောခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဘာလီရဲချုပ် Putu Jayan Danu Putra နှင့် အခြားအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
“တင်းကျပ်သော အရေးယူခြင်း၊ နေရပ်ပြန်ပို့ခြင်း၊ ပိတ်ဆို့အရေးယူခြင်း၊ ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်များ၊ လုပ်ငန်းများကို ပိတ်သိမ်းခြင်းနှင့် အခြားသော ပြင်းထန်သော အရေးယူမှုများ ပါဝင်သည်” ဟု Mr Koster က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားတွင် ငွေပေးချေမှုကို ရူပီယာမှလွဲ၍ အခြားငွေကြေးများကို အသုံးပြုခြင်းကိုလည်း တားမြစ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အင်ဒိုနီးရှားဥပဒေအရ ရူပီယာမှလွဲ၍ အခြားငွေကြေးပုံစံများကို အသုံးပြုပါက ထောင်ဒဏ်တစ်နှစ်အထိနှင့် အမြင့်ဆုံးဒဏ်ငွေ ရူပီယာ သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁၃၃၀၀) ချမှတ်နိုင်သည်။
“နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူများလည်း Bank Indonesia မှ ခွင့်ပြုချက်မရှိဘဲတရားမဝင်လုပ်ဆောင်ပါက အနည်းဆုံး ထောင်ဒဏ် တစ်နှစ်နှင့် အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်ပြီး အနိမ့်ဆုံး ဒဏ်ငွေ ရူပီယာ သန်း ၅၀ နှင့် အများဆုံး ရူပီယာ (၂၂) ဘီလီယံအထိ ချမှတ်နိုင်ကြောင်း Mr Koster က ပြောကြားခဲ့သည်။
Source: CNA