မြန်မာသံရုံး၊ ဘာလင်မြို့၏ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းသည် ဇန်နဝါရီ ၉ ရက်ကကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ(BAC)အစည်းအဝေးနှင့်အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားများအား စင်ကာပူနိုင်ငံသံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး သံရုံးယာယီတာဝန်ခံဦးကျော်ထင်လင်းမှ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဘာလင်-အာဆီယံကော်မတီ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်ကိစ္စများ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသည့်ကိစ္စများ၊ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စင်ကာပူနိုင်ငံသံအမတ်ကြီးက ဘာလင် -အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံ သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။




