ဘန်ဒါစရီဘီဂါဝန်၊ ဇန်နဝါရီလ ၄
ဘရူနိုင်းနိုင်ငံသည် နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်တွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်ကို အတည်ပြုပေးနိုင်မည့် ” ဘရူနိုင်း ဒစ်ဂျစ်တယ် အထောက်အထား” (ဘရူနိုင်းအိုင်ဒီ) အမည်ရှိ နိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်အထောက်အထားစနစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က သောကြာနေ့တွင် ပြောကြားရာ၌ ယခုအစီအစဉ်သည် လုံခြုံစိတ်ချရပြီး အသုံးပြုသူအနေဖြင့် အစိုးရ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုနိုင်ပြီး နိုင်ငံ၏ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအောင်ဆောင်ရွက်မည်ဆိုသည့် အစိုးရ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ဖော်ပြခဲ့သည်။
ဘရူနိုင်းအိုင်ဒီစနစ်သည် ဘရူနိုင်းနိုင်ငံသားများနှင့် နေထိုင်သူများကို အစိုးရ၏ အွန်လိုင်းဝန်ဆောင်မှုများကို ရယူရာတွင် ဇီဝဆိုင်ရာအချက်အလက် အတည်ပြုခြင်းစနစ်ပါဝင်သော တစ်ကြိမ်တည်း အကောင့်ဝင်ရောက်ခြင်းလုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့၏ ဒစ်ဂျစ်တယ် အထောက်အထားကို အတည်ပြုနိုင်မည်ဖြစ်သည်။
ခိုင်မာသော လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကာကွယ်ရေးမူဝါဒများအပေါ်အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် ဇီဝဆိုင်ရာအချက်အလက်စစ်ဆေးခြင်းကို အသုံးပြုသူ၏ စက်ပစ္စည်းပေါ်တွင်သာ ပြုလုပ်မည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို အစိုးရက သတ်မှတ်ထားသော လုံခြုံရေးနှင့် အချက်အလက်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အကာအကွယ်ပေးထားမည် ဖြစ်သည်။
နိုင်ငံတော်၏ ပြည်သူ့ဝန်ဆောင်မှု ဒစ်ဂျစ်တယ်ကူးပြောင်းရေးနှင့် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင်တို့နှင့်အညီဖြစ်စေရန်အတွက် အခြားသောအစိုးရ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကိုလည်း အဆင့်လိုက် စနစ်တကျ ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: ရှင်းဟွာ
