ဘရားဇီး၌ မျောက်ကျောက်ကိုစိုးရိမ်ပြီး မျောက်များကို ပစ်မှတ်ထား တိုက်ခိုက်နေ
ဆောင်ပိုလို၊ ဩဂုတ် ၁၀ ရက်
မျောက်ကျောက်ရောဂါကူးစက်ခံရမည်ကို စိုးရိမ်နေသော ဘရာဇီးနိုင်ငံတွင် မျောက်များကို သတ်ဖြတ်နေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ဩဂုတ်လ ၉ ရက် အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆောင်ပိုလိုပြည်နယ် ဆောင်ဟိုဆေး ဒို ရီယို ပရဲတိုမြို့၌ တစ်ပတ်အတွင်း မျောက် ၁၀ ကောင် အဆိပ်သင့်နေကြောင်း ဘရားဇီးသတင်းဝက်ဘ်ဆိုက် G1 က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အခြားမြို့များတွင်လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့သည်။
ဂျီနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် WHO ပြောရေးဆိုခွင့်ရှိသူ မာဂရက် ဟာရစ် က “အခုဖြစ်နေတဲ့ ကူးစက်မှုတွေဟာ လူသားတွေမှာပဲ ဖြစ်နေတယ်ဆိုတာကို လူေတွသိထားဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။
WHO ၏အဆိုအရ ဘရာဇီးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုေပါင်းတစ်ထောင့် ခုနှစ်ရာကျော် ရှိနေပြီဖြစ်သည်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ဤရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူမှာ ကိုယ်ခံစွမ်းအားနည်းပြီး မျောက်ကျောက်ရောဂါသာမက အခြားရောဂါများမှာပါခံစားနေရသူ ဖြစ်သည်။
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ကူးစက်မှုများက လူအချင်းချင်း ထိတွေ့မှုများမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ကြောင်း ပြသနေသည်ဟုဟဲရစ်က ဆိုသည်။
“လူတွေဟာ တိရိစ္ဆာန်တွေကို ပစ်မှတ်ထား မတိုက်ခိုက်သင့်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ဘရာဇီးတွင် အသားဝါရောဂါ ဖြစ်ပွားနေချိန် ကာလများ၌လည်း မျောက်များကို ပစ်မှတ်ထား တိုက်ခိုက်သည့် မှတ်တမ်းရှိခဲ့ဖူးသည်။
Source: CNA