ဘယ်လာရုစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာများ၊ အဖွဲ့အစည်းများကြားတွင် မြန်မာနိုင်ငံအပေါ် အမြဲ တမ်းထောက်ခံရပ်တည်ပေးသွားမည်ဟု ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko မှ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်၌တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမှ မိမိဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုများနှင့်ပြင်ဆင်ထားရှိမှုများကိုမြင်တွေ့ရသည်ကို အလွန်ဂုဏ်ယူဝမ်းမြောက်မိကာ မိမိတို့နှစ်နိုင်ငံသည် အလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုတိုးတက်ကောင်းမွန်လျက်ရှိပြီး ဘယ်လာရုစ်နိုင်ငံသည် စက်မှုနိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီနည်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံအတွက်လိုအပ်သည့်ကဏ္ဍများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
စစ်ဘက်နည်းပညာဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံကြား သက်ဆိုင်ရာတာဝန်ရှိသူများက စီးပွားရေးဖိုရမ်များကျင်းပ၍ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် လိုအပ်ချက်များကိုဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြကာ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုရေးဆွဲနိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့ပြင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာများ၊ အဖွဲ့အစည်းများကြားတွင် အမြဲတမ်းထောက်ခံရပ်တည်ပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည်မှန်သမျှကို ကြိုဆိုသည်ဟုဆွေး နွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်ရင်းနှီးမြှုပ်နှံမှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားရေး၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတို-က်ဖျ-က်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ယခုအခါ မြန်မာ-ထိုင်း နယ်စပ်တွင်ရှိနေသည့် Online လောင်းကစားမှုများသည် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်ဖြစ်၍ သတိထားဆောင်ရွက်လျက်ရှိမှု၊ ၎င်းလုပ်ငန်းသည် ကိုဗစ်-၁၉ ကာလနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှ စတင်ကျယ်ပြန့်လာမှု၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည် ငြိမ်မှုဖြစ်လာချိန်၌ နယ်စပ်ဒေသများတွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုလျော့နည်းလာသည်ကို အခွင့်ကောင်းယူပြီး တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ အွန်လိုင်းလောင်းကစားမှုကို အခြေချခဲ့မှု၊ အွန်လိုင်းလောင်းကစားမှုပြုလုပ်သည့်နေရာများမှ ဖမ်းဆီးရမိသူနိုင်ငံပေါင်း (၅၂) နိုင်ငံမှ ပြည်ပနိုင်ငံသား (၇၀,၀၀၀) နီးပါးခန့်ကိုထိန်းသိမ်း၍ မိခင်နိုင်ငံသို့ပြန်ပို့လျက်ရှိမှု၊ ကျန်ရှိသည့်ပြည်ပနိုင်ငံသား (၁,၀၀၀) ခန့်ကိုလည်းပြန်ပို့ရန်ဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုံးဝပြန်လည်အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို အပြီးတိုင်ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိပြီး အမြစ်ပြတ်ချေမှုန်းသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို မကြာမှီကျင်းပမည်ဖြစ်၍ ဘယ်လာရုစ်နိုင်ငံမှလည်း လေ့လာစောင့်ကြည့်ရေး အဖွဲ့စေလွှတ်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
