ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် အမှိုက်သိမ်းခကို လျှော့ချရန်အတွက် နေအိမ်များမှ အမှိုက်များကို ခွဲခြားထုတ်ပေးထားရန်ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့သည့်အစီအစဉ်သည် ယခုနှစ်တွင် တိုးတက်လာခဲ့ပါသည်။
ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ကအမှိုက်သိမ်းမှုနှင့် ဝန်ဆောင်ခများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာပြောင်းလဲတော့မည်ဖြစ်ပြီး အမှိုက်များကို ခွဲခြားပေးရန် တိုက်တွန်းကြောင်း ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။
လက်ရှိတွင် BMA သည် အမှိုက်သိမ်းပေးခြင်းနှင့် စွန့်ပစ်ပေးခြင်းအတွက်တစ်နှစ်လျှင် ဘတ်ငွေ သန်း ၇,၀၀၀ ခန့် သုံးစွဲနေရာ အိမ်ထောင်စုများမှ တစ်နှစ်လျှင် ဘတ်သန်း ၅၀၀ သာ ကောက်ခံရရှိပါသည်။
၂၀၂၄ခုနှစ်စာရင်းအရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၀,၀၀၀ ခန့် သိမ်းရာတွင် ထက်ဝက်နီးပါးမှာ အစားအစာ စွန့်ပစ်ပစ္စည်းများဖြစ်သည်။
ထွက်ရှိလာမည့်နှုန်းထားအသစ်များသည် အမှိုက်အမျိုးအစားပေါ် မူတည်ပြီးကွဲပြားပါသည်။
မိလ္လာနှင့် အဆီများ စွန့်ပစ်ခြင်းအတွက် ဝန်ဆောင်ခမှာ တစ်ကုဗမီတာလျှင် ဘတ် ၆၀၀ (အမှိုက်သိမ်းခနှင့် သယ်ယူပို့ဆောင်ခမှာ ဘတ် ၃၀၀ ဖြစ်ပြီး စွန့်ပစ်ခမှာ ဘတ် ၃၀၀) ဖြစ်သည်။
အထွေထွေအမှိုက်အတွက် အခကြေးငွေကို လစဉ်ပေးချေမှုနှင့် အကြိမ်လိုက်ပေးချေမှုဟု ခွဲခြားထားသည်။
အမှိုက်သိမ်းဝန်ဆောင်မှုအတွက် အက်ပ်ပလီကေးရှင်းဖြစ်သည့် BKK Waste Pay ကိုလည်းလုပ်ထားပေးသဖြင့် တဦးချင်း၊ အိမ်ယာအလိုက်၊ကွန်ဒိုအလိုက်ပါဝင် လျှောက်ထားနိုင်သည်။အမှိုက်အမျိုးအစားခွဲပေးခြင်းဖြင့်အမှိုက်လျော့ချရာတွင် ပါဝင်ကြဖို့ နိုးဆော်ထားသည်။
“သင့်အမှိုက်အမျိုးအစားတွေကိုခွဲပါ၊ သင့်ငွေကို ချွေတာပါ”