
နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေတဲ့ ကိစ္စကို ဘဏ်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ညွှန်ကြားထားပေမယ့် ဈေးနှုန်းတွေက မြင့်မားလာနေဆဲ ဖြစ်တာကို တွေ့ရှိရတယ်လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဝင်းသော်က ပြောပါတယ်။
ကိုဗစ်-၁၉ ဖြစ်ပွါးနေချိန် အခြားကုန်စည်ဈေးနှုန်းတွေ မြင့်မားမှု မဖြစ်ပေါ်စေဖို့နဲ့ ဖြစ်သင့်တဲ့ ဈေးနှုန်းတစ်ခုမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေဖို့ ဘဏ်တွေက နိုင်ငံခြားရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်း ရောင်းဝယ်ကြဖို့ပါ ဦးဝင်းသော်က တိုက်တွန်းခဲ့ပါ သေးတယ်။
နောက်ပြီး နိုင်ငံခြားငွေရောင်းစျေး/ဝယ်စျေးကွာဟချက်ကို ကြေညာချက်ထုတ်ပြီး ယခင်ထက်လျှော့ချမယ်လို့လည်း ဘဏ်တွေကို ဦးဝင်းသော် က တစ်ပါတည်းအသိပေးခဲ့တယ်လို့သိရပါတယ်။
ဗဟိုဘဏ်ဘက်က ယခင်က နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းတွေ ဆောင်ရွက်ရာမှာ ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းအကြား ကွာဟချက် (Spread) ကို ၁% ထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ချက်ပေးခဲ့ပါတယ်။အဲ့ဒီ့အစား ရည်ညွှန်းငွေလဲလှယ်နှုန်းကို Mid rate အဖြစ် သတ်မှတ်ပြီး ± ဝ.၈ % ဘောင်အတွင်းသာ ရောင်းဝယ်မှုပြုဖို့ ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်မယ်လို့သိရပါတယ်။