ဒါကာ၊ဧပြီ ၂၉
ဘင်္ဂလားဒေ့ရှ်မြို့တော်အပါအဝင် ခရိုင်တစ်ဝက်နီးပါးသည် ဧပြီလ ၂၉ ရက်က အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့၍ နိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းများနှင့် ပညာရေးအဖွဲ့အစည်းများအားလုံးကို ပြန်ပိတ်ထားရကြောင်းသိရသည်။
တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်၌ အပူချိန်မြင့်မားလာမှုကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်က ကျောင်းများပိတ်ခဲ့ရကာ တနင်္ဂနွေနေ့ကပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သူနည်းပါးသဖြင့်ပြန်ပိတ်ခဲ့ရခြင်းလည်းဖြစ်သည်။
အစိုးရမူလတန်းကျောင်းများအားလုံးကို ကြာသပတေးနေ့အထိပိတ်ထားမည်ဖြစ်ပြီး မြို့တော် ဒါကာအပါအဝင် ခရိုင် ၂၇ ခုရှိ ပညာရေးအဖွဲ့အစည်းများအား အင်္ဂါနေ့အထိဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ပညာရေးဝန်ကြီးကမူ နိုင်ငံ၏မည်သည့်ဒေသ၌ပင်ဖြစ်ပါစေ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက အဆိုပါဒေသရှိကျောင်းများနှင့်ပညာရေးဆိုင်ရာဌာနများအားလုံးကိုပိတ်ထားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း အပူချိန်လွန်ကဲလာမှုများကြောင့်လည်း ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်ပြင်မထွက်ဘဲ သတိပြုနေထိုင်ကြရန်လည်း ပညာရှင်များကတိုက်တွန်းထားသေးသည်။
Source : ရိုက်တာ/အာရ်ဂျေ