ဒါကာ၊ ဒီဇင်ဘာ ၂၄
ဝင်ငွေနည်းသောလူငယ်များနှင့် အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သော ဝင်ငွေများကို ဖန်တီးပေးနိုင်ရန်အတွက် ပံ့ပိုးကူညီရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၅၀ ဒသမ ၇၅ သန်းကို အတည်ပြုပေးခဲ့ပြီး အမျိုးသမီးများနှင့် ရာသီဥတုဒ-ဏ် ကိုခံရနိုင်သော ဒေသများတွင် နေထိုင်သူများကို ပိုမိုအဓိကထား၍ ကူညီသွားမည်ဖြစ်သည်။
ယခင်က စီမံကိန်းမှ အထောက်အပံ့ရရှိထားသော လူငယ် 233,000 အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ နောက်ထပ် လူငယ် ၁၇၆,၀၀၀ အတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
“အလုပ်ကောင်းကောင်းတစ်ခုက ဘဝတစ်ခု၊ မိသားစုတစ်ခုနဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်လူငယ်တော်တော်များများဟာ အလုပ်သမားဈေးကွက်ထဲကို ဝင်ရောက်ပြီး အလုပ်ရ အောင်မရှာနိုင်ကြပါဘူး။ တိုင်းပြည်မှာလည်း အလုပ်အကိုင် အရည်အသွေး၊ ကျွမ်းကျင်မှုပြတ်လပ်မှုတွေနဲ့ အလုပ်ရှာတဲ့သူတွေရဲ့ အရည်အချင်းက အလုပ်ရှင်လိုချင်တဲ့ အရည်အချင်းနဲ့ မကိုက်တာတွေ ကြုံတွေ့နေရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်ဆိုင်ရာ ကမ္ဘာ့ဘဏ်မှ ခေတ္တဌာနခွဲ ဒါရို-က်တာ ဂေးလ် မာတင်က ပြောကြားခဲ့သည်။ “ဤနောက်ထပ်ပေးသောဘဏ္ဍာငွေသည် ဝင်ငွေနည်းမိသားစုများ အထူးသဖြင့် အမျိုးသမီးများနှင့် ထိခို-က်လွယ်သောအသိုင်းအဝိုင်းမှ လူငယ်များကို ပိုမိုကောင်းမွန်သောအလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများအတွက် လိုအပ်သောဈေးကွက်ဆိုင်ရာကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနှင့် သင်တန်းများရယူရန် ကူညီပေးပါမည်”ဟု သတင်းက ဖေါ်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ စုစုပေါင်းပံ့ပိုးကူညီမှုသည် ယခုအခါ ဒေါ်လာ ၃၅၀ ဒသမ ၇၅ သန်း အထိ ရှိလာပြီဖြစ်သည်။
Ref: ရှင်းဟွာ
