ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရား၀င်ပေါက်ရှေ့တွင် ကုန်တင်ကားနှင့် အိမ်စီးကားတိုက်မိမှုယနေ့ ဇူလိုင်လ ၃၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ညနေ ၃ နာရီ ၅ မိနစ်ခန့်က ကုန်တင်ကားနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းထံမှ သိရသည်။
” ကျွန်တော်တို့က ဒဏ်ရာရလူနာတွေကိုဂရုစိုက်နေတာကြောင့် ဖြစ်စဉ်ကိုတော့ မသိလိုက်ရဘူး၊ ကုန်ကားက ကမ်းနားလမ်းအတိုင်းမောင်းလာတာ၊ အိမ်စီးကားက ဖြတ်၀င်တာကို တိုက်မိတာ၊ ဘယ်သူမှားတယ် မှန်တာတော့ မသိလိုက်ရဘူး” ဟု အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦိးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
အဆိုပါယာဉ်တိုက်မိမှုကြောင့် အိမ်စီးကားတစီးပေါ်မှ အမျိုးသမီး၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းနှင့် MZK အသင်းတို့ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း