ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှောင်ကားလမ်းတွင်ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) က ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦးသေ၊ အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သုညသုခ ပရဟိတ လူငယ် အသင်းထံမှ သိရသည်။
ဗန်းမော်မြို့၊ ဟန်တဲရပ်ကွက်၊ ဗန်းမော်မြို့ရှောင်ကားလမ်း၊ ရာဘာတောအနီးတွင် ယမန်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ဘိလပ်မြေတွေ သယ်လာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက အလုပ်သမားတွေ လိုက်ပါလာတဲ့ကားပါ” ဟု သုညသုခ ပရဟိတ လူငယ်အသင်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၃)ဦးအနက် အသက် (၅၀)၊ အသက် (၄၅) နှင့် (၁၉) နှစ်အရွယ်အမျိုးသမီး (၃)ဦး(သေဆုံး) ခဲ့ပြီး
အသက် (၂၁) နှစ်၊ အသက် (၁၆) နှစ်နှင့် အသက် (၁၇) နှစ်အရွယ် အမျိုးသား (၃) ဦး (မစိုးရိမ်ရ) ဒဏ်ရာများဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။
ဓာတ်ပုံ – သုညသုခ ပရဟိတ လူငယ် အသင်း


