၂၀၂၈ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဒေါ်နယ်လ်ထရမ့်က တနင်္လာနေ့နံနက်တွင် ပြောကြားခဲ့သည်။ သူ့အနေဖြင့် သမ္မတတာဝန်ကို တတိယအကြိမ် ထမ်းဆောင်နိုင်စေရန်အတွက် ဒုသမ္မတနေရာမှတစ်ဆင့် သမ္မတဖြစ်ရေး အစီအစဉ်ကို သူ့အားထောက်ခံသူအချို့က တင်ပြခဲ့ကြခြင်းကို ပြန်လည်ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၂၂ ကြိမ်မြောက် ပြင်ဆင်ချက်အရ မည်သူမျှ သမ္မတရာထူးကို တတိယအကြိမ် ရွေးချယ်ခံရနိုင်ခြင်း မရှိပါ။
အချို့က ဤတားမြစ်ချက်ကို ရှောင်လွှဲရန် နည်းလမ်းမှာ ထရမ့်က ဒုတိယသမ္မတအဖြစ် ဝင်ရောက်ပြီး အခြားတစ်ဦးက သမ္မတအဖြစ် ဝင်ရောက်ကာ ထို့နောက် နုတ်ထွက်ပြီးနောက် ထရမ့်က သမ္မတရာထူးကို ပြန်လည်ယူရန် ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ကြသည်။ ဤနည်းလမ်းသည် တရားဝင်မှုရှိ၊ မရှိကိုမူ ကန့်ကွက်သူများက သံသယရှိနေကြသည်။
တနင်္လာနေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သမ္မတလေယာဉ်ဖြင့် ခရီးသွားစဉ် သတင်းထောက်များနှင့် ပြောဆိုရာတွင် ထရမ့်မ်က “ကျွန်တော် အဲဒီလိုလုပ်ခွင့်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် “ဒါပေမဲ့ ကျွန်တော် အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး။ အဲဒါက အရမ်းလှည့်ကွက်ဆန်တယ်လို့ ထင်တယ်။ ဟုတ်တယ်၊ ကျွန်တော် အဲဒါကို ပယ်ချလိုက်တယ်။ ဘာလို့လဲဆိုတော့ အရမ်းလှည့်ကွက်ဆန်လို့ပဲ။ ပြည်သူတွေ အဲ့ဒါကို သဘောကျမယ် မထင်ဘူး… အဲဒါက မှန်ကန်တဲ့ကိစ္စ မဟုတ်ပါဘူး” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
တတိယသက်တမ်း ဖြစ်နိုင်ခြေကို ရည်ညွှန်း၍ ထရမ့်က “ကျွန်တော် လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ထောက်ခံမှုနှုန်းတွေဟာ အကောင်းဆုံးဖြစ်နေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
“ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့မှာ အဖွဲ့ကောင်းတစ်ခု ရှိတယ်၊ သူတို့ [ဒီမိုကရက်တွေ] မှာတော့ မရှိဘူး” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နှင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တို့ကို ရည်ညွှန်း၍ ထရမ့်က သူတို့သည် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အလွန်ကောင်းမွန်သည့် ပုဂ္ဂိုလ်များ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
“သူတို့သာ အဖွဲ့ဖွဲ့နိုင်ခဲ့ရင် ဘယ်သူမှ တားမနိုင်ဘူးလို့ ကျွန်တော် ထင်တယ်” ဟု ၎င်းက ပြောသည်။ “ကျွန်တော် တကယ်ကို ယုံကြည်ပါတယ်”ဟုလည်း သူကဆိုသည်။
ဤမှတ်ချက်များသည် အများပြည်သူရှေ့မှောက်တွင် သူ၏ပြောကြားချက်များနှင့် အိမ်ဖြူတော်တွင် ဖြန့်ဝေလေ့ရှိသော “Trump 2028” ဦးထုပ်များနှင့် ပတ်သက်၍ ထရမ့်၏ နောက်ဆုံးထုတ်ဖော်ပြောဆိုချက်များ ဖြစ်သည်။
ယမန်နှစ် နိုဝင်ဘာလက ထရမ့်မ်ကို ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ်သမ္မတလောင်းဟောင်း ကာမလာ ဟဲရစ်ကလည်း သူသည် နိုင်ငံရေးကို လက်မလွှတ်သေးကြောင်းနှင့် ၂၀၂၈ ခုနှစ် တွင် သမ္မတလောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ အရိပ်အမြွက်ပြောကြားခဲ့သည်။
