
လူရွှင်တော် ဟာသသရုပ်ဆောင် အောင်သော်က “ပိုင်စေသော်” နာမည်နဲ့ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေပါပြီ။ ရိုက်ကူးပြီးစီးခဲ့တာဆိုရင် ဇာတ်ကား ၄ ကား၊ ၅ ကားလောက်ရှိခဲ့ပြီဖြစ်ပြီး သူတို့အဖွဲ့ 5 Star သီချင်းခွေ DVD မှာလည်း သူ့အနေနဲ့ ဒါရိုက်တာအဖြစ် ၃ ပုဒ် ရိုက်ကူးပေးခဲ့ပါတယ်။ လူရွှင်တော်အနေနဲ့ “အောင်သော်” လို့ အမည်ပေး ထားပေမယ့် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ အချိန်မှာတော့ “ပိုင်စေသော်” နာမည်နဲ့ ပဲ ရိုက်ကူးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဇာတ်ကားတွေလည်း ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တဲ့အတွက် ရုပ်ရှင်အထိ ရိုက်ကူးဖို့အတွက်ကိုလည်း စဉ်းစားထားပြီး ဒါရိုက်တာပညာ ပြည့်ဝအောင်တော့ ထပ်ပြီးကြိုးစားသွားဦးမှာဖြစ်ကြောင်း၊ လက်ရှိမှာလည်း ကြိုးစားနေပါကြောင်း သူက ပြောပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်နေပေမယ့်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့အခါမှာတော့ ဒရာမာကို ရိုက်ကူးရတာ ပိုပြီးအားသန်မိကြောင်းလည်း ကိုအောင်သော်က ပြောလာပါတယ်။
” ကျွန်တော်က ဖိုက်တင်ဒရာမာကို ပိုအားသန်တယ်။ ကျွန်တော်က ကိုယ့်ဇာတ်လမ်းတွေပဲ ရိုက်ကူး တာများတယ်။ ကျွန်တော်ပြောတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးဆရာကို ရေးခိုင်းတာပေါ့။ ကျွန်တော့်ကို ပရိသတ်တွေအနေနဲ့ လူရွှင်တော် အောင်သော်အနေနဲ့ရော၊ ဒါရိုက်တာ ပိုင်စေသော်အနေနဲ့ရော တွေ့ရမှာပါ” လို့ သူရိုက်ကူးချင်တဲ့ ဇာတ်လမ်းပုံစံကို ပြောပြပါတယ်။ ဒါ့အပြင် အောင်သော်က သူတို့ရဲ့ 5 Star အဖွဲ့ စီးရီးမှာလည်း ပါဝင်သီဆိုထားပါသေးတယ်။
လင်းအက္ခရာ
