ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း မြို့ တော်အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အနီးတစ်ဝိုက်ရှိ လူ ရှစ်ဦးကို ကယ်တင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖိုမင် အပါအဝင် အခြား ၁၁ ဦးသည် အဆောက်အအုံတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အိန်ဂျလိစ်စီးတီး ပြန်ကြားရေးအရာရှိ ဂျေးပီလာယိုက DZBB ရေဒီယိုကို ပြောကြားခဲ့သည်။
လုပ်ငန်းခွင် ဖိုမင် ထံမှ ရရှိသော အချက်အလက်များအရ လူ ၃၀ မှ ၄၀ ဝန်းကျင်သည် ပျောက်ဆုံးလျက်ရှိကြောင်း ပီလာယိုက ရေဒီယိုကို ပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သူက ဆိုသည်။
ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို လတ်တလောတွင် မသိရသေးသော်လည်း ဆောက်လုပ်ရေးမှတ်တမ်းကို မြို့တော်အင်ဂျင်နီယာက ပြန်လည်သုံးသပ်နေကြောင်း ၎င်းက ပြောသည်။ အဆောက်အအုံကို ကွန်ကရစ်ဖြင့် တည်ဆောက်ထားသောကြောင့် အပျ-က်အစီးများကို ခက်ခက်ခဲခဲဖယ်ရှားရမည်ဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနိုင်ကြောင်း ပီလာယိုက ပြောကြားခဲ့သည်။
DZBB က ဖော်ပြခဲ့သော ပုံများအရ အဆောက်အအုံသည် ကွန်ကရစ်ပုံအဖြစ်နှင့် တွန့်လိမ်သွားသော သတ္ထုပုံအဖြစ် ပြိုလဲသွားခဲ့ကာ အစိမ်းရောင်ပိုက်ကွန်များဖြင့် ဖုံးနေသည်ကို တွေ့ရသည်။
Ref: စီအင်န်အေ