ယခုလက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းသည် အသားဈေးထက်လည်းကောင်း နိုင်ငံသားတစ်ဦး၏ တစ်နေ့တာ အခြေခံလုပ်အားခထက်လည်းကောင်း ပို၍ မြင့်မားနေပြီဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်တွင် ကြက်သွန်နီဈေးနှုန်းသည် ပြီးခဲ့သည့်လအတွင်း တစ်ကီလိုလျှင် ပီဆို ၇၀၀ (ဒေါ်လာ ၁၂ ဒသမ ၈၀) ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း တရားဝင်စာရင်းဇယားများက ညွှန်ပြနေသည်။
ထိုသို့ ကြက်သွန်နီဈေး မြင့်တက်မှုတွင် အဓိက အချက်နှစ်ချက် ပါဝင်နေသည်။
ပထမအချက်မှာ ပြည်ပနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး ပြန်လည်စတင်လာချိန်တွင် ကြက်သွန်နီဝယ်လိုအား အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ရာသီဥတု ဆိုးရွားမှုက ပြည်တွင်း ကြက်သွန်နီ ထုတ်လုပ်မှုကို ထိခိုက်စေခဲ့သောကြောင့် ဖြစ်သည်။
ကြက်သွန်နီဈေးမြင့်တက်မှုမှာ အလွန်ဆိုးရွားလာသောကြောင့် ယခုလအစောပိုင်းတွင် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်း ၁၀ ဦးသည် သူတို့၏ ခရီးဆောင်အိတ်များအတွင်း ကြက်သွန်နီနှင့် သစ်သီး ၄၀ ကီလိုဂရမ်ခန့် ထည့်ကာ ခိုးသွင်းရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုသို့ အစားအသောက်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် သမ္မတ မားကို့စ်ကို လည်း လွှတ်တော်အမတ်များက ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေ ကြကြောင်း သိရသည်။
Source: WION
