ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေး ရွာအုပ်စု၊ကုဋေကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတွင် ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းက မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၁၀ နာရီခွဲခန့်က ကုဋေကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာဖွေနေသူများပေါ်သို့ မြေစာများပိမိသွားခဲ့သဖြင့် တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
“လူအားနဲ့ကော ဘတ်ဟိုးနဲ့ပါရှာခဲ့ရတယ် ၅ ယောက်တွေ့ထားပြီးပြီ အဲဒီ ၅ ယောက်ထဲက ၂ ယောက်ကတော့ သေဆုံးနေတာကိုတွေ့တယ် ၃ ယောက်ကတော့ ဒဏ်ရာတွေရထားတယ် အခုလည်းဆက်ပြီးရှာနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
အခင်းဖြစ်ပွားပြီးချိန်၌ ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသား ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦးတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ညက ကျွန်တော်တို့ရှာဖွေရေးနားလိုက်တဲ့အချိန်က ၃ နာရီလောက်မှာနားတယ် ဒီမနက်လည်း လူ အင်အားသုံးပြီးထပ်ရှာနေတယ် ဘတ်ဟိုးနဲ့ကော်လိုက်တဲ့အချိန် မြေစာပိနေတဲ့လူတွေရှိသေးရင် ထိခိုက်မိမှာစိုးတဲ့အတွက် ဘတ်ဟိုးနဲ့တော့မရှာတော့ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်ရှာဖွေရေးလုပ်ကွက်များရှိ စွန့်ပစ်မြေစာပုံများပြိုကျမှုမှာ မကြာခနဖြစ်ပွားလေ့ရှိပြီး ဇန်နဝါရီ ၃၀ ရက်ကလည်း မြေ စာပြိုကျမှုဖြစ်ပွား၍ ရေမဆေးကျောက်ရှာဖွေနေသည့် အမျိုးသား ၄ ဦးသေဆုံးခဲ့သည်။
Photo – CJ

