ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေခံပညာကျောင်း ၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၇,၆၁၆ ဦး ပညာသင်ကြားလျက်ရှိ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စေရန် ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကလိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လက်ရှိသင်ကြားရေးအခြေအနေနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း စုစုပေါင်း ၃၁ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၃၄ ဦးကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖလမ်းမြို့နယ်၌ အခြေခံပညာကျောင်း ၁၀၈ ကျောင်း ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ ၂၇၃ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁,၄၇၇ ဦးကို ပညာသင်ကြားပေးလျက်ရှိသည်။
ထို့အပြင် တီးတိန်မြို့နယ်၌ ကျောင်း ၁၀၉ ကျောင်းတွင် ဆရာ၊ ဆရာမ ၆၈၅ ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၂,၁၅၇ ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား ၆၄ ဦး၊ စုစုပေါင်း ၁၂,၂၂၁ ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး၊ တွန်းဇံမြို့နယ်၌ ကျောင်း ၅၅ ကျောင်းတွင် ဆရာ၊ ဆရာမ ၂၇၆ ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၃,၉၁၈ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
