မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် သြဂုတ် ၃၀ ရက်က အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား ငွေစက္ကူအတုများ ငွေစက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသည့် စက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် စျေးဝယ်နေသည့် အမျိုးသားတစ်ဦးအား ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၃၀ ရွက်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ပွင့်ဖြူမြို့နယ်၊ရှောက်တောကျေးရွာရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်း၌ အမျိုးသမီးတစ်ဦးအား ငွေစက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသည့် စက်အပါအဝင် ငွေစက္ကူအတု ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ရွက်ရေ ၄၀၀ ကျော်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူ ၂ ဦးအား ပွင့်ဖြူမြို့မရဲစခန်းက (ပ)၃၄/၂၀၂၃၊ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။