ရန်ကုန်မြို့အတွင်းရှိ လူစည်ကားရာ မြို့နယ်များတွင် အနုကြမ်းစီး လုယက်မှုများနှင့် ဖောက်ထွင်းခိုးယူမှုများ တကျော့ပြန်ဖြစ်ပွားလာနေပြီး မြို့နေလူထု၏ လုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် လပိုင်းများအတွင်းက အနည်းငယ်ငြိမ်သက်စရှိနေသည့် အဆိုပါ ဖြစ်စဉ်များသည် ယခုရက်ပိုင်းအတွင်း တကျော့ပြန် ပြန်လည် ဖြစ်ပွားလာနေခြင်း ဖြစ်သည်။
ဩဂုတ်လ (၃) ရက် နံနက်ပိုင်းကရန်ကင်းမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ သစ္စာလမ်းပေါ်ရှိ The Skin Studio အလှပြင်ဆိုင်သို့ အမည်မသိအမျိုးသားတစ်ဦး ဝင်ရောက်လာကာ ဝန်ထမ်းအမျိုးသမီးအား ချုပ်နှောင်ကာ ဖုန်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် သတင်းအရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်ညပိုင်းကလည်း ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Sunshine Smile baby cloth wholesale & retail အမည်ရှိ ကလေးပစ္စည်း အရောင်းဆိုင်၏ အုပ်နံရံအား ဖြိုချကာ ဝင်ရောက်ခိုးယူသွားခြင်းဖြစ်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းအားလုံးနီးပါ ခိုးယူခံလိုက်ရကြောင်း သတင်းထွက်ပေါ်နေသည်။
ပြီးခဲ့သည့် လအနည်းငယ်ကအတွင်းလည်း ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်အတွင်းရှိ အထည်အရောင်းဆိုင်တစ်ဆိုင်အား ညအချိန် ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူခံခဲ့ရမှုကြောင့် သိန်းရာနှင့်ချီကာ ဆုံးရှုံးခဲ့ရမှုဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် နှစ်အစပိုင်းတွင် ရန်ကုန်မြို့အတွင်း၌ အနုကြမ်းစီး လုယက်ခြင်း၊ လူသတ်လုယက်ခြင်းနှင့် ဖောက်ထွင်း ခိုးယူမှုများ အမြောက်အများဖြစ်ပေါ်ခဲ့မှု လအတန်ကြာ ငြိမ်သက်နေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့တွင်း လူစည်ကားရာ ဖြစ်သည့် ပန်းဘဲတန်း ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း ၊ တောင်ဥက္ကလာ၊ အင်းစိန် အစရှိသည့် မြို့နယ်များတွင် အနုကြမ်းစီးခြင်း၊ လူသတ်လုယက်ခြင်း ၊ ဖောက်ထွင်းခိုးယူခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အချို့အမှုများမှာ ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
” ဒါတွေက ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြနေတာပေါ့။ နောက်တစ်ခုက ပြည်သူလူထုရဲ့ လုံခြုံအေးချမ်းမှုကို ခြိမ်းခြောက်နေတာပေါ့။ အမြဲတမ်းတော့ သတိဝီရိယနဲ့ နေနေရတာပဲ” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက သုံးသပ်သည်။
သြဂုတ် ၃ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အနုကြမ်းစီး လုယက်မှုနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို မေးမြန်းစဉ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။