ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်း မိတ်ဆက်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်မှ မကြာခင် ကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွက် UEC မှ အသိအမှတ်ပြု ကိုယ်စားလှယ်လောင်းများစာရင်းကို ဖတ်ကြားတင်ပြခဲ့ရာ ပြည်သူ့ပါတီတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၉၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၄၄ ဦး၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃၂၀ ဦး၊ တိုင်းရင်းသားလူမျိုးအတွက် ကိုယ်စားလှယ်လောင်း ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့နောက် ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်မှ ပါတီတွင် ပညာတတ်ဘွဲ့ရများပေါများကာ ပါတီတွင် အမျိုးသမီးပါဝင်နှုန်း အရင်ထက်ပိုမိုများပြားလာကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီကို မဲပေးသင့်သည့်အကြောင်းအရင်းများမှာ (က) ကုန်ဈေးနှုန်း အမြန်ကျဆင်းစေရေး၊ (ခ) အလုပ်အကိုင်အခွင့်အလမ်းများနှင့် အနှိမ့်ဆုံးလုပ်ခလစာနှုန်းထားအား သုံးပွင့်ဆိုင်ညှိနှိုင်းရေး၊ (ဂ) လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အမြန်ရစေရေး (ဃ) လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ (င) အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုအတွက် ပထဝီစီးပွားရေး မဟာဗျူဟာရေးဆွဲရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ ယခုတွင် ၆ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိပါတီများအနက် ကိုယ်စားလှယ်ဦးရေ တတိယအများဆုံးပါတီဖြစ်ကြောင်း သိရသည်။ ပါတီဥက္ကဌ ဒေါက်တာ သက်သက်ခိုင်သည်လည်း ဝန်ကြီးရာထူး နှစ်ကြိမ်ထမ်းဆောင်ခဲ့ဖူးကာ ယခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျ-က်ခံရခြင်းအပေါ် UEC သို့အယူခံဝင်ထားကြောင်း သိရသည်။
