၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၀ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၉၈ သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇၀ ဒသမ ၅၉ သန်းကျော်ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၄၀ ကျော်လျော့ကျနေကြောင်းဖော်ပြထားသည့် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းတွေကနေ တစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလမတိုင်ခင်အခြေအနေကို ပြန်လည်မရောက်ရှိသေးသည့်အတွက် တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံတွေကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။
ပြည်ပကို ငါးတင်ပို့မှုမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား ၂၀ ကျော်ကို တင်ပို့နေခြင်းဖြစ်သည်။






