ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုလမှစတင်၍ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
ပြည်တွင်း၌ နှစ်စဉ်ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ အကြား ထွက်ရှိပြီး ပြည်ပတင်ပို့ရာတွင် ထွက်ရှိမှုစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေခြင်းဖြစ်သည်။
ပြည်ပဈေးကွက်တွင် မြန်မာ့ကော်ဖီ၏ အရည်အသွေးနှင့် အမျိုးအစားအလိုက် ကော်ဖီတစ်တန်လျှင် ဒေါ်လာ ၅၅၀၀ မှ ဒေါ်လာ ၈၃၀၀ ခန့်အထိ ဈေးရရှိနေကြောင်း သိရသည်။
မြန်မာ့ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်ဖီစိုက်ပျိုးဧက ၅၀၀၀၀ ကျော်ရှိပြီး Arabica ကော်ဖီ စိုက်ဧက ၃၈၀၀၀ ကျော် ၊ Robusta ကော်ဖီ စိုက်ဧက ၁၂၀၀၀ ကျော် ရှိကာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆွတ်ခူးလေ့ရှိပြီး ပြည်ပဈေးကွက်သို့ ယခုဧပြီလတွင် စတင် တင်ပို့ရောင်းသွားမည်ဖြစ်သည်။
ယခုနှစ် ကော်ဖီရာသီတွင် အမေရိကန်၊ နယ်သာလန်၊ သြစတေးလျ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။