ပြည်ပမှစက်သုံးဆီသင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်စက်သုံးဆီများလည်းပါဝင်ကာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက်ဖူလုံမှုရှိကြောင်း သိရသည်။
ပြည်ပမှ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိသည့် စက်သုံးဆီများကို Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံအလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေး၊သယ်ယူပို့ဆောင်ရေးစသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိသဖြင့် တည်ငြိမ်လျက်ရှိပြီး အများပြည်သူအနေဖြင့် အလွယ်တကူအဆင်ပြေချောမွေ့စွာဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်အရည်အသွေးနှင့်အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ/မရှိနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
