ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန်၊ ဆေးကုသမှုခံယူရန်၊ ပညာတော်သင် သွားရောက်ရန် စသည့် ကိစ္စအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာမည့်သူတစ်ဦးလျှင် အသေးသုံး ငွေကြေးသုံးစွဲနိုင်ရန်အတွက် ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်က အာရှစိမ်းလန်းမှုဖွံဖြိုးရေးဘဏ် (AGD)နှင့် ဧရာဝတီဘဏ်(AYA)တို့ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအစီအစဉ်အား အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ AGD ဘဏ် (ဆူးလေဘဏ်ခွဲ) နှင့် AYA ဘဏ်ခွဲများဖြစ်သည့် ရန်ကုန်မြို့ ရှိ ကျောက်တံတားဘဏ်ခွဲ ( ၂၆) ၊ ပါရမီဘဏ်ခွဲ (၈) ၊ River View ဘဏ်ခွဲ ( ၈၃) ၊ မန္တလေးမြို့ (၂) လမ်း၊ (၃၀) ဘဏ်ခွဲ နှင့် နေပြည်တော်ရှိ အမှတ် (၁ )ဘဏ်ခွဲတို့ရှိ နိုင်ငံခြားငွေလဲကောင်တာများတွင် မြန်မာနိုင်ငံသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၂,၈၀၀ ကျပ်မှ ၃,၀၀၀ ကျပ်နီးပါးအထိ ရုတ်တရက်ဈေးနှုန်းမြင့်တက်ခဲ့သည်။
ထိုချိန်မှစပြီး ဗဟိုဘဏ်က ဘဏ်များ၏ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေသားကို တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ဈေးကစားသူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုလို ဘဏ်များက အသေးသုံး ငွေကြေးသုံးစွဲနိုင်ရန်အတွက် စတင်ရောင်းချရန် ကြေညာခဲ့ခြင်းဖြစ်သည်။