ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ UBL အမှိုက်သိမ်းကုမ္ပဏီနှင့် ရှမ်းအရှေ့ရေပေးဝေရေးကုမ္ပဏီတို့မှ ညဈေးတွင် ကူညီဆောင်ရွက်ပေးမည့်အစီအမံများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
တာချီလိတ်ညဈေး(Tachileik Night Market)စတင်ဖွင့်လှစ်ပြီးချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အဝိုင်းပတ်မှ အမှတ်(၂)တံတား မီးပွိုင့်အထိ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် အရှေ့မြို့ပတ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် လမ်းဘေးပျံကျဈေးသည်များကို ဈေးရောင်းချခွင့်မပြုတော့ကြောင်း သိရသည်။