ပြည်တွင်းစျေးကွက်အတွင်း သကြားလက်ကျန်နည်းလာသည့်အတွက် သကြားစျေးနှုန်း အမြင့်ပိုင်းတွင်ရှိနေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့်လတွင် ရန်ကုန်စျေး သကြားတစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ ကျပ်ဝန်းကျင် အထိသာရှိခဲ့ပြီး လက်ရှိတွင် ၃၆၀၀ ကျပ်မှ ၃၆၅၀ ကျပ်အထိ ပေါက်စျေးထိရှိနေကာ တစ်ပိဿာလျင် ၃၅၀ ကျပ် ဝန်းကျင်ဈေးမြင့်တက်လာကြောင်း သိရသည်။
“ပြည်တွင်းမှာလဲ သကြားရောင်းစရာ သိပ်မကျန်တော့ဘူး၊ လက်ကျန်နည်းတာလည်း ပါမယ်။ ဒီနောက်ပိုင်းငွေစျေးတွေလည်း တက်တော့ သကြားစျေးလည်းလိုက်တက်တာပေါ့” ဟုမြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ သကြားလက်ကျန်တန်ချိန် တစ်သိန်းဝန်းကျင်သာရှိတော့ပြီး လာမည့် ၂၀၂၃-၂၀၁၄ ကြံကြိတ်ရာသီအတွက် ပြည်တွင်းသကြားစက်ရုံများအနေဖြင့် စက်ရုံရောက်စျေးကြံတစ်တန်ကို တစ်သိန်းကျော် ပေးကာ ဝယ်ယူပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်နိုင်ငံခြားတင်ပို့မူအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိနေပြီး သကြား
မကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်းခန့် ထွက်ရှိပြီး မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီမှာ နှစ်စဉ် ဒီဇင်ဘာလမှ စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
Photo-Ministry of commerce