ပြည်တွင်း၌ ပို့ဆောင်နေသည့် ဒယ်လီဗာရီ လုပ်ငန်းများသည် အများပြည်သူ ပို့ဆောင်မည့် ကုန်ပစ္စည်းများကို အမျိုးအစားအမည်များဖြင့် ကန့်သတ်မှုများရှိလာကြောင်း သိရှိရသည်။
အထူးသဖြင့် လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်ပစ္စည်းအပါ ပစ္စည်းအများစုကို စစ်ကိုင်းတိုင်း အပါအဝင်မြို့နယ်အချို့ကို ပို့ခွင့်ကန့်သတ်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။
“အကန့်အသတ်နဲ့ ဖြစ်သွားတယ်၊ ကန့်သတ်ပစ္စည်းထဲမှာ မဖြစ်မနေ ပို့ရမယ်ဆိုရင် ထောက်ခံစာနဲ့ အနည်းငယ်မျှသော အရေအတွက်ကို ပို့ပေးခွင့်တော့ရှိတယ်”ဟု နာမည်ကြီး ပို့ဆောင်ရေး လုပ်ငန်းတခုမှ တာဝန်ယူထားသူ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လူမှုကွန်ရက်တွင် တွေ့ရှိရသော ကုန်ပစ္စည်းပို့ဆောင်ခြင်း ကန့်သတ်မှုစာရင်းများအရလည်း ထိုစာရင်းများတွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ မော်လမြိုင် ၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပြင်ဦးလွင်တို့ ပါဝင်နေသည်။
ကန့်သတ်ထားသည့် ပစ္စည်းများမှာ ဆိုလာ ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ၊ အလှကုန်အမျိုးမျိုး ၊ ဆေးဝါးများ၊ မီးစက်၊ ခြေညှပ်ဖိနပ်၊ အုန်းနို့၊ ဘတ္ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊အမွှေးတိုင်၊ ဖျာ၊ လက်ကိုင်ဖုန်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည် ၊ ကော်ဖီစေ့၊ အမှုန့် ၊လ က်ဖက်ခြောက်၊ လူကြီးဒိုက်ဘာ၊ သစ်သီးမျိုးစုံ၊ သွားတိုက် ဆေးနှက့် သွားတိုက်တံ၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရှူး၊အင် ဂျင်ဝိုင်၊ ကြက်အူချောင်း ၊ မီးလုံး၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ အသင့်သောက်နို့၊ ဒိန်ချဥ်၊ ဓာတ်ခဲ၊ တာယာ၊ ကျွတ်၊ပရုတ်လုံး ၊ ပလပ်စတစ်ခြင်း/ပုံးခွက် ၊ ပါဝါဘန့် တို့ပါဝင်နေ သည်။
ထိုအကြောင်းအရာများနှင့် ပက်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအာဏာပိုင်များထံမှ ရှင်းလင်းချက်တော့ မရှိသေးပေ။
ထိုကဲ့သို့ ကန့်သတ်မှုအချို့ကြောင့် ပြည်တွင်း၌ လည်ပတ်နေသည့် ကုန်ပစ္စည်းအချို့ စျေးမြင့်တက်လာမည်ကိုလည်း စိုးရိမ်မှုများရှိလာနေကြသည်။
လက်ရှိတွင်လည်း သွင်းကုန်လိုင်စင်မရှိဘဲ စီးပွားဖြစ် ကုန်အများအပြား တင်သွင်းနေသည်ကို စိစစ်ရန်လိုအပ်နေသောကြောင့်လည်း လေကြောင်းမှ ကုန်ပစ္စည်းများ တင်သွင်းနေမှုကိုလည်း တင်းကျပ်ထားသည်။
ကုန်သည်အချို့ကမူ တရားဝင် ကုန်သွယ်လမ်းကြောင်းကို ပိတ်လိုက်ခြင်းကြောင့် တရားမဝင် မှောင်ခိုဈေးကွက်များ အင်အားကြီးထွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ပေါ်ပြူ လာနယူးစ်သို့ ဖြေကြားထားသည်။
