မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေရာ အောက်တိုဘာ(၂၇) ရက်ထိ ပြည်ပနိုင်ငံသား စုစုပေါင်း(၁၀၁၁၉)ဦး ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀)ရက်မှ အောက်တိုဘာ(၂၇)ရက်အထိ ဖမ်းဆီးရမိခဲ့သည့် အရေအတွက် (၁၀၁၁၉)ဦးထဲမှ (၉၃၃၉)ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၂၇)ရက်က အိန္ဒိယနိုင်ငံသား (၁၀ ၄) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၂၄)ဦး နှင့် ဖိလစ်ပိုင်နိုင်ငံသား (၂၇)ဦး စုစုပေါင်း (၁၅၅)ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စုစုပေါင်းဖမ်းဆီးမှု (၁၀၀၀၀)ကျော်အထိ ရှိလာခြင်းဖြစ်သည်။
၎င်းတို့အား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် လွှဲပြောင်းရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၇၈ ၀)ဦး ကျန်ရှိနေပြီး ၎င်းတို့အား လွှဲပြောင်းပေးနိုင်ရန် လုပ်ဆောင်နေပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
Photo-MOI
