ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၃၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၀ စီမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ဇူလိုင်လ (၁၂) ရက်က စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၂၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၀၅၀ ကျပ် ၊ ၉၅ တစ်လီတာ ၂၁၆၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၁၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။
မေလမှစတင်၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တဖြည်းဖြည်း ကျဆင်းလာပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။