ပြည်တွင်းကုန်ထုတ်လုပ်မှုတွင် ဝယ်လိုအားနှင့်ရောင်းလိုအားမျှချေရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကာ မဆောင်ရွက်နိုင်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုအား ကြုံရမည်ဟု နစက ဥက္ကဋ္ဌပြော
နစက ဥက္ကဋ္ဌက သြဂုတ် ၁၂ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတိုးတက်ဖွံ့ဖြိုးရန် စီးပွားရေးတိုးတက်အောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကာ စီးပွား ရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်မည်ပြီးမည်သည့်နိုင်ငံတွင်မဆို စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် နှစ်အလိုက်ဘတ်ဂျက်ငွေများ လျာထားဆောင်ရွက်ကြသည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ GDP ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည်ကိုတွေ့ရှိရပြီး ငွေ ကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ပြောင်းလဲခြင်းနှင့်ထုတ်ကုန်ပစ္စည်း volume တက်လာခြင်းတို့ကြောင့်လည်း GDP တိုးပွားလာရခြင်းမျိုးရှိနိုင်သည်ဟု ပြောသည်။
[ Volume of GDP= Price x Quantity]
“ပြည်တွင်းစားသုံးမှုနဲ့ပြည်ပပို့ကုန်ကိုကြည့်ပြီး စဉ်းစားဆောင်ရွက်ရမှာဖြစ်သလို အမှန်တကယ် တိုးတက်မှုရှိ၊မရှိ ကိုလည်း စစ်ဆေးဆောင်ရွက်ရမှာဖြစ်ပါတယ် ပြည်တွင်းကုန်ထုတ်လုပ်မှုမှာ Supply & Demand မျှချေရှိအောင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ် အဲ့လိုမှမဟုတ်ရင်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုကြုံရမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် စီးပွားရေးတွင်ကုန်ထုတ်မှုသည် အဓိကကျသဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည်ဟု ပြောသည်။
“ဒါ့ကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေးမှာအသုံးပြုနိုင်ဖို့ ရန်ပုံငွေအဖြစ် စီမံဆောင်ရွက်ခဲ့တာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လျှင်မြန်စွာတိုးတက်အောင်မြင်နိုင်သည့်(Quick Win)နှင့်စိုက်ပျိုးရာသီနှင့်ကိုက်ညီမှုရှိသည့် နွေစပါးနှင့်ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကိုတွေ့ရှိရသည်ဟု ပြောသည်။
ထို့ကြောင့် နွေစပါးနှင့်နိုင်ငံ၏ အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပြီး စိုက်ပျိုးမည့် တောင်သူများအနေ ဖြင့်လည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို အခြားနေရာများတွင် ရင်းနှီးသုံးစွဲနိုင်မည်ဟု ပြောသည်။
“အလုပ်အကိုင်အခွင့်အလမ်းရှိလာရင် ဝင်ငွေရလာမှာဖြစ်သလို ပြည်တွင်းဝယ်လိုအား ပြည် တွင်းရောင်းအားတွေလည်း တက်လာမှာဖြစ်လို့ ကောင်းမွန်တဲ့လုပ်ငန်းလည်ပတ်မှုတစ်ခုဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။