ပြည်ကြီးတံခွန်မြို့နယ်၌ လဘက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ
မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်ရှိ လဘက်ရည်ဆိုင်တွင်ထိုင်နေသည့် အမျိုးသား ၂ ဦးသည် ဇူလိုင် ၂၄ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီကျော်ခန့်က အိမ်ခြံမြေပွဲစားများဖြစ်သည့် သင်ပန်းကုန်းရပ်ကွက်နေ ကိုမင်းအောင်(၃၅)နှစ်နှင့်ချမ်းအေးသာစံမြို့နယ်၊ရန်မျိုးလုံရပ်ကွက်နေ ဦးခင်မောင်တင့်(၅၆)နှစ်တို့သည် ၁၂၀ (မင်းကြီးရန်နောင်လမ်း)နှင့် ၄၇ C လမ်းထောင့်ရှိ “ခေတ်သစ်” လဘက်ရည်ဆိုင်၌ထိုင်ခဲ့ကြသည်။
လဘက်ရည်ဆိုင်၌ထိုင်နေစဥ် မြောက်ဘက်မှတောင်ဘက်သို့ ကလစ်(အဖြူရောင်)ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှသေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကိုမင်းအောင်တွင် ရင် ဘတ်ကျည်ထိမှန်ဒဏ်ရာ ဦးခင်မောင်တင့်တွင် ညာခြေသလုံးကျည်ဖောက်ဝင်၊ညာလက်ချောင်းများကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
“ကိုမင်းအောင်ကတော့ စိုးရိမ်ရဒဏ်ရာပေါ့ ဦးခင်မောင်တင့်ကတော့ မစိုးရိမ်ရဒဏ်ရာတွေရသွားလို့ လူနာတင်ကားတဲ့ဆေးရုံကို ချက်ခြင်းပို့ခဲ့တယ်”ဟု အခင်းဖြစ်စဥ်အနီးနေသူတစ်ဦးကပြော သည်။
အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များလာရောက်စစ်ဆေးရာ ကျည်ခွံ ၆ ခုအား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။