ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး ပြင်ဦးလွင်-ဂုတ်ထိပ်မီးရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှသိရသည်။
အဆိုပါ ခရီးစဉ်ကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်၊ မန္တလေး-လားရှိုးမီးရထားလမ်းပိုင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများအား လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။
RBE ရထားဖြင့် ဂုတ်ထိပ်(၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင်ရထားခရီးစဉ်များ သတ်မှတ်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင်ထွက်ခွာပြီး ဂုတ်ထိပ်ဘူတာသို့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင်ရောက်ရှိရပ်နားမည်ဖြစ်ကြောင်း၊ ဂုတ်ထိပ်ဘူတာမှ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီအချိန်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း ခရီးသည်(၄၀)ဦးလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး၊ လက်မှတ်ခအနေနှင့် ပြင်ဦးလွင်မှဂုတ်ထိပ်အထိ (၁၅၀၀၀)ကျပ်သတ်မှတ်ထားကြောင်း သိရသည်။
လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
