မဲစာရင်းများပြည့်စုံမှန်ကန်စေရန် ပြင်ဆင်၊ ဖြည့်စွက်၊ စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ် အဖြစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ ဒီဇင်ဘာလ ၂၈ ရက်ကစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ) အကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထား ကြေညာထားသည်။
ရွေးကောက်ပွဲ အပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ ဒီဇင်ဘာလ ၂၆ ရက်မှ ရွေးကောက်ပွဲစတင်ကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက်မဲပေးခြင်းပြီးဆုံးသည့်အချိန်အထိ သက်ဆိုင်ရာ မဲရုံများတွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းအပြင် ပြင်ဆင်၊ ဖြည့်စွက်၊ စိစစ်ပြီး မဲစာရင်းများကို ရွေးကောက်ပွဲအပိုင်း (၁)တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များတွင်လည်း ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်အထိ ၁၄ ရက်ကြာကပ်ထား ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များကို သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန် ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်၍ မဲစာရင်းလာရောက်ကြည့်ရှု ပြီး မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီကြရန် UEC က အသိပေးထားသည်။
