ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ် ACE Villa ရှေ့တွင် မြေသယ်ကားကြီးမှ ရှေ့ဘယ်ဘက်ဘီး ကျွတ်ထွက်ပြီး အဆိုပါ ဘီးနှင့် ဆိုင်ကယ်ကို သွားရောက်ထိခိုက်မိရာ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသမီး (၁)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ နိုဝင်ဘာ (၄)ရက် နေ့လည် (၁၂)နာရီခန့်က ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ် ACE Villa ရှေ့ စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်ဘက်မှ မောင်းနှင်လာသော မြေသယ်ကားကြီး၏ ရှေ့ဘယ်ဘက်ဘီး ကျွတ်ထွက်ပြီး လားရာတူ မောင်းနှင်လာသော ဆိုင်ကယ်မှာ လမ်းကြားသို့ ကွေ့ဝင်ရာတွင် နောက်မှ ကျွတ်ထွက်လာသော ဘီးနှင့် ထိခိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိခိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး (၁) ဦးမှာ ရင်ဘက်ထိခိုက်ဒဏ်ရာနှင့် ဦးခေါင်းကွဲ သွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပျဉ်းမနားအရန်မီးသတ် Ambulance ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

