ပံ့သကူပစ် (လှူဒါန်း) ရန်၀ယ်ယူသူများပြားသဖြင့် ဈေးကွက်အတွင်း ကြက်သွန်နီအရောင်းသွက်နေကြောင်း မန္တလေး ကုန်စည်ဈေးကွက်မှသိရသည်။
လာမည့်ကာလတွင် ကထိန်လရာသီရောက်တော့မည်ဖြစ်သည့်အတွက် အလှူအတန်းများဖြင့် ပြည့်နေသလို ပံ့သကူပစ် (လှူဒါန်း) ရန်အတွက်လည်း ကြိုတင်၀ယ်ယူသူများပြားပြီး အရောင်းသွက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မန္တလေးကုန်စည်ဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် တစ်ထောင်ကျပ်မှတစ်ထောင့်ငါးရာကျပ်ကြားပေါက်ဈေးရှိပြီး၊ ပံ့သကူပစ် (လှူဒါန်း) ရန်အတွက်၊ အသင့်ပြင်ဆင်ပြီးသားငါးပိဿာဝင် တစ်အိတ်ကို (၃၉၀၀)ကျပ်ဖြင့်ရောင်းချပေးနေကြောင်း သိရသည်။
ပံ့သကူပစ်ခြင်းကို တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်နက်သန်းခေါင်ကျော်အချိန်တွင်ပြုလုပ်လေ့ရှိပြီး၊ လမ်းဆုံလမ်းခွများနှင့်အမှိုက်ပုံများတွင်၊ မိမိလှူဒါန်းလိုသည့်ငွေနှင့် ပစ္စည်းအသုံးအဆောင်များကိုလှူဒါန်းထားခြင်းဖြစ်သည်။
ပံ့သကူပစ်ခြင်းဓလေ့သည် ဗုဒ္ဓဘုရားရှင်လက်ထက်ကတည်းက ရဟန်းသံဃာများနှင့်စပ်လျဉ်း၍ စတင်ခဲ့ခြင်းဖြစ်ပြီး၊ မျက်မှောက်ကာလတွင် ဘာသာရေးဆိုင်ရာကုသိုလ်ပြုသည့် ဓလေ့ထုံးတမ်းအစဉ်အလာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။
