ပဲခူးတိုင်း၊ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား ပဲခူးတိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း၌ ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အလှူအတန်းပွဲများ၊ ပဲခူးတိုင်းအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ စတုဒီသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မီးပုံးပျံလွှတ်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် မီးပုံပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသ-တ်ယာဉ်အသင့်၊ လူအသင့်ဖြင့်စနစ်တကျနေရာချထားသွားမည်ဖြစ်ကြောင်း သိရသည်။
