ပဲခူးတိုင်း၊ပဲခူးမြို့၊မြို့သစ်(ဂ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ် ၂၉ ရက်ညပိုင်းက ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့သည်။
ယမန်နေ့ည ၁၀ နာရီ ၂၅ မိနစ်ခန့်က ပဲခူးမြို့၊မြို့သစ်(ဂ)ရပ်ကွက်၊ရှမ်းတန်း(၉)လမ်းရှိ နေအိမ်တစ်လုံးတွင် ဝါယာရှော့ဖြစ်၍မီးလောင်ကျွမ်းနေသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်း၊ပဲခူးနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
“မီးပလပ်ပေါက်ကနေရှော့ဖြစ်ပြီးလောင်တာလို့သိရပါတယ် ဝါး/ထရံကာ/ဓနိမိုး/အထပ်သားခင်းအိမ်တစ်လုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ် လူထိခိုက်တာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုအားဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။