ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့တွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် (၈) မိုင် (၁) ဖာလုံ အရှည်ရှိသော (၂၄) ပေအကျယ် ကွန်ကရစ်လမ်မသစ်ကြီးအား ဖောက်လုပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထိုလမ်းသည် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၅/၇) မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၆) နှင့် (၃၂/၇) ကြား လသာကုန်း Underpassသို့ ဆက်သွယ်ထားသည့် လမ်းလည်းဖြစ်သည်။
ယခင်ကမူ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့သွားရာတွင် ဘုရားကြီးမြို့မှ တစ်ဆင့်သွားလာခဲ့ရပြီး ပဲခူးဒေသသည် မိုးများသည့်ဒေသဖြစ်၍ နှစ်စဉ် ပဲခူးမြို့နှင့် ဘုရားကြီးမြို့ကြားကားလမ်းနှင့် ၃၉ မိုင်၊ ဘောနတ်ကြီးတို့တွင် ရေကျော်မှုများရှိခဲ့ကာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေမှုများ ရှိသည်။
ယခုတွင်မူ လမ်းသစ်ဖွင့်လှစ်ပေးခဲ့နိုင်မှုကြောင့် ရေကြီးမည်ဆိုပါကလည်း ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာမှုမရှိ အဆင်ပြေစွာသွားလာနိုင်တော့မည်လည်း ဖြစ်သည်။
ယင်းလမ်းကို ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်စတင်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခုတွင်မူ အများပြည်သူသွားလာရန်အတွက် စတင်အသုံးပြုနိုင်တော့မည်လည်း ဖြစ်သည်။
