ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် သံကူကွန်ကရစ်တံတားအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ဒေသခံများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် ကားများနှင့် ခရီးသွားများ အန္တရာယ်ကင်းစွာသွား လာနိုင်စေမည်ဖြစ်ကာ ဒေသခံများ၏သွားလာရေးမှာလည်း ပိုမိုလွယ်ကူလျှင်မြန်ပြီး ပဲခူးမြို့ကြီး၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီကာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း ပြောကြားခဲ့သည်။
အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားသည် အရှည်ပေ(၃၂၀)ရှိပြီး ယာဉ်သွားလမ်း(၁၆)ပေ အကျယ်ရှိကာ ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၇၂၁ ဒသမ ၃၅)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။