မွန်ပြည်နယ်၊ ပေါင်မြို့တွင် ဇူလိုင်လ ၂၉ ရက်(ယနေ့) နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ကာ ရန်ကုန်-မော်လမြိုင်သွား ကားလမ်းတွင်လည်း ရေကျော်လျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပေါင်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ နေအိမ်များအတွင်းနှင့် လမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“အနိမ့်ပိုင်းရပ်ကွက်တွေထဲက အိမ်တွေထဲကို (၃) ပေလောက် ဝင်လာပြီ။ မိုးကမတိတ်ဘဲ ဆက်ရွာနေမယ်ဆိုရင် ဒီထက်ပိုတက်လာမှာ။ လတ်တလောကတော့ သွားလာခွင့်ပြုထားသေးတယ်။ အန္တရာယ်မဖြစ်အောင် ဝိုင်းကူညီပေးနေရတာပေါ့။ ရေပိုတက်လာရင်တော့ အန္တရာယ်မဖြစ်အောင် အသွားအလာတွေကို ယာယီရပ်ခိုင်းထားမယ်လို့ ပြောနေကြတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာလည်း ရေကျော်နေလို့ ကားတွေဖြည်းဖြည်းပဲမောင်းပြီး ဖြတ်ခိုင်းနေတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်၌ ရေကျော်နေသည့် လမ်းများပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ကားများ၊ ဆိုင်ကယ်များနှင့် လူများအား အန္တရာယ်မဖြစ်စေရန် လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေဝင်ရောက်နေသည့် နေအိမ်များတွင် နေထိုင်သူများအား ရေဆက်လက်မြင့်တက်လာပါက ရေဘေးလွတ်ကင်းသည့်နေရာများသို့ အလျင်အမြန်ပြောင်းရွှေ့ပေးနိုင်ရန် ပစ္စည်းများအား ကူညီသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။